သည်းခြေအိတ် ကျန်းမာစေဖို့ ဘာတွေ ဂရုစိုက်ရမလဲ
သည်းခြေအိတ်ဆိုတာက ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတစ်ခုပါ။ တိတိကျကျ ပြောပြရရင် သည်းခြေစနစ်ရဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ သည်းခြေစနစ်ထဲမှာက အသည်း၊ သည်းခြေအိတ်၊ သည်းခြေပြွန် နဲ့ သည်းခြေရည်စတာတွေ ပါဝင်နေပါတယ်။
သည်းခြေစနစ်ရဲ့ အဓိက တာဝန်ကတော့ သည်းခြေရည်တွေကို ထုတ်လုပ်မယ်။ သိုလှောင်မယ်။ အသုံးပြုမယ် စတာတွေကို လုပ်ဆောင်တာပါ။ စားလိုက်တဲ့ အစားအစာတွေထဲက အဆီဓာတ်တွေကို ချေဖျက်ပေးဖို့ အဓိက တာဝန်ယူ ထားတာပါ။ သည်းခြေရည်က အသည်းကနေ ထုတ်လုပ်ပေးတဲ့ အရည်တစ်မျိုးပါ။ အစိမ်းရင့်ရောင်၊ စိမ်းဝါရောင်ရှိနိုင်ပြီး ပျစ်ပါတယ်။
ဒီတော့ စားလိုက်တဲ့ အစားအစာတွေထဲက အဆီတွေကို ချေဖျက်ဖို့ သည်းခြေရည်က ဘယ်လောက်ထိ အရေးပါသလဲဆိုတာကို သိလောက်ပြီ ထင်ပါတယ်။
သည်းခြေအိတ် ကျန်းမာစေဖို့ ဒီအချက်လေးတွေ ဂရုစိုက်ပေးပါ
အစားအစာတွေကို ချေဖျက်ရာမှာ အရေးပါတဲ့ သည်းခြေအိတ်လေး ကျန်းမာစေဖို့အတွက် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။
· အချိန်မှန် စားပါ
သည်းခြေအိတ်က အစားစားလိုက်ချိန်တိုင်းမှာ သည်းခြေရည်တွေကို ထုတ်လုပ်ပေးပါတယ်။ တစ်နပ်စာကို ကျော်လိုက်တာက သည်းခြေရည်တွေကို စုပုံသွားစေပါတယ်။ ဒီအနေအထားက သည်းခြေအိတ်ထဲမှာ ကိုလက်စထရောတွေ တိုးစေပါတယ်။ အချိန်ကြာလာတဲ့အခါ အဆီတွေက ခဲသွားပြီး သည်းခြေကျောက်တည်တာဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် နေ့စဉ် စားသုံးတာကို အာဟာရနဲ့ညီညွတ်စွာနဲ့ အချိန်မှန်မှန် စားသုံးဖို့ လိုပါမယ်။
· အမျှင်ဓာတ် ပါဝင်အောင် စားပါ
အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေက သွေးတွင်းက မကောင်းတဲ့အဆီတွေကို လျှော့ချပေးပါတယ်။ နှလုံးကျန်းမာစေဖို့ ထောက်ကူပေးသလို သည်းခြေအိတ်မှာ ကျောက်တည်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးပါတယ်။
ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ အမျှင်ဓာတ် များစွာ ပါဝင်နေတဲ့ ဘာလီ၊ ပဲနီလေး၊ ဘယ်ရီသီး၊ ပန်းဂေါ်ဖီစိမ်း၊ ထောပတ်သီး၊ ပန်းသီး၊ နှံစားသီးနှံတွေ ထည့်သွင်းစားသုံးဖို့ လိုပါမယ်။
· ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းပါ။
ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊ အဝလွန်တာတွေက သည်းခြေကျောက်တည်စေနိုင်ပါတယ်။ အဝလွန်တာက သည်းခြေရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
ကိုယ်အလေးချိန် ထိန်းဖို့ဆိုရင် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်၊ ပရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးဖို့ လိုပါမယ်။
· ဆီကြော်စာတွေ မစားပါနဲ့
ဆီကြော်စာတွေမှာ ပြည့်ဝဆီတွေ ပါဝင်နေပြီး သွေးတွင်းအဆီကို တက်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာစေဖို့ဆိုရင် ဆီကြော်စာတွေကို မစားဖို့ လိုပါမယ်။ ဆီကြော်စာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အစပ်ကဲတာတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကင်ထားတာတွေ၊ လူလုပ်အချိုတွေ ပါတဲ့ အစားအစာတွေကိုလည်း ရှောင်ရပါမယ်။
· ရေသောက်ပါ
ရေဓာတ်ပြည့်ဝတာက ကျန်းမာစေပါတယ်။ ရေလုံလောက်စွာ သောက်သုံးတာက သည်းခြေရည်ပျစ်စေတာမဖြစ်သလို သည်းခြေကျောက်တည်တာမျိုးလည်း မဖြစ်အောင် ကာကွယ်ရာ ရောက်ပါတယ်။ ရေများများသောက်ပြီး ကယ်လ်လိုရီ နဲ့ အချိုစားနည်းသူတွက သည်းခြေအိတ် ကျန်းမာကြပါတယ်။
· လေ့ကျင့်ခန်းလုပ်ပါ
နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့က အရေးကြီးပါတယ်။ လေ့ကျင့်ခန်း ပုံမှန် လုပ်တာက ကျန်းမာစေပြီး နှလုံးကျန်းမာဖို့လည်း အထောက်အကူဖြစ်ပါတယ်။ ကယ်လ်လိုရီ လောင်ကျွမ်းစေပြီး စိတ်ခံစားမှု ကောင်းစေသလို သည်းခြေအိတ်လည်း ကျန်းမာစေပါတယ်။
ဒါကြောင့် တစ်နေ့ကို ၁၅ မိနစ်ကနေ နာရီဝက်နှုန်းနဲ့ တစ်ပတ်ကို ၅ ရက် လေ့ကျင့်ခန်း လုပ်ပါ။ လေ့ကျင့်ခန်း အနေနဲ့ကတော့ လမ်းလျှောက်တာ၊ ရေကူးတာ၊ စက်ဘီးစီးတာ၊ ယောဂလေ့ကျင့်တာတွေ လုပ်ပေးလို့ ရပါတယ်။
ရေးသားသူ - မွန်မွန်